" သားမှာတမ်း "

ဒီကာလ
ကိုယ့်စိတ်ကိုပျော်အောင်
မနည်းချော့မြူရ အားပေးရ
တခါတခါ ကိုယ့်တရားကို ပြန်ပြန်နာရ

မိုးတွေရွာတိုင်းလည်း
မိုးမိခဲ့တာပါပဲ 
မိုးဆိုတာ အချိန်တန်တိတ်တယ်ဆိုပြီး
မိုးလုံလေလုံနေခဲ့ဖူးတဲ့
ဟိုးအတိတ်တွေကို ပြန်အောက်မေ့သတိရ
အချစ်သီချင်းကို စစ်တလင်းမှာ
မျှစ်ဟင်းတွေစားပြီး ဆိုခဲ့ရ
ကိုငှက်ကြီးရဲ့
အမေ့အိမ်သီချင်းဟာ 
ဘယ်အချိန်ပဲဆိုဆို ငိုသံတွေပါတယ်

လွတ်မြောက်ရာလမ်းမှာလည်း
မျက်နှာငယ်ခဲ့ရတာပါပဲ
ခလေးဘဝတုန်းကလို
အရုပ်ဆိုင်ရှိုးကဒ်ထဲက
စျေးကြီးတန်ဓာတ်ခဲသေနတ်
မဝယ်နိုင်လို့ ငေးကြည့်ခဲ့ရသလိုမျိုး
အခုလည်း တကယ့်တိုက်ပွဲတွေကြားမှာ
စစ်သားကြီးဟာလက်ဗလာပါပဲ

ကိုယ့်နိုင်ငံပြန်ရွေးတဲ့သမိုင်းမှာ
နိုင်ငံသားတစ်ယောက်အနေနဲ့ပါဝင်ကြတဲ့အခါ
ကျနော်ဟာ ယောက်ကျားလေးမို့
သိုင်းချတမ်းပဲ ကစားတတ်တယ်အမေ
စစ်တိုက်တမ်းပဲ ကစားချင်တယ်အမေ

အိမ်အပြန်နောက်ကျလို့
အရင်လိုစိတ်တွေမဆိုးတော့နဲ့အမေ
ပြန်လာဖို့သိပ်ခက်ခဲတဲ့ကြောင်း 
အိမ်ကထွက်လာသူတွေပဲ သိကြတယ်လေ
တချို့တွေ 
ထာဝရ အိမ်ပြန်မလာနိုင်တော့ဘူးအမေ

မီးခိုးတန်းလေးတွေကိုမြင်တိုင်း
အိမ်တွေ 
မိုးပေါ်တက်သွားကြတယ်
လူတွေ 
မိုးပေါ်တက်သွားကြတယ်
မြေပြင်ကိုတော့ မကြည့်ပါနဲ့အမေ
တစ်ရွာလုံးက ပြာပုံဘဝရောက်နေကြပြီ

သွေးတွေကအထပ်ထပ် 
အလောင်းတွေကအထပ်ထပ်
တူမီးသေနတ်
ခါးချိုးသေနတ်
လက်လုပ်သေနတ်တွေနဲ့ခလေးလေးတွေကို
လေယာဥ်ပျံကြီးတွေနဲ့လိုက်ပစ်တာ 
အရမ်းရယ်ရတာပဲအမေ 

တချို့တိုက်ပွဲတွေက တကယ့်ဟာသ
ဒါပေမယ့် မျက်ရည်အစစ်တွေ
သွေးအစစ်တွေ တလဟောထွက်ကျ
ဟုတ်ကဲ့ ရယ်ရပါတယ်အမေ

အမေ
စစ်ပွဲကြီးပြီးလို့
သူရဲကောင်းတွေအိမ်ပြန်လာတဲ့အခါ
သားမပါလာခဲ့ရင် မငိုလိုက်ပါနဲ့အမေ

နွေဦးမှာ 
ပွင့်ခဲ့ရတာလည်း ပျော်စရာ
ကြွေခဲ့ရရင်လည်း ကျေနပ်စရာ
ဟိုးဟိုမှာ 
ပြောရင်းဆိုရင်းနဲ့
ကြယ်တွေကြွေပြန်ပြီအမေရာ။       ။

ဇာတ်လိုက်ကြီး(S.T.W)
၁၂ ၊ ၆ ၊ ၂၀၂၂

Respect & Credit to ဇာတ်လိုက်ကြီး(S.T.W)

Comments

  1. ကြယ်တွေ ထပ်မကြွေစေဖို့
    ကြိုးစားကြရမယ်
    ဉာဏ်ပညာရယ် ချစ်ခြင်းတရားရယ်
    ပေါင်းစပ်ကာ ပန်းတိုင်ဆီ
    ချီတက်ကြမယ်

    ReplyDelete
    Replies
    1. အချိန်လေးရှိတုန်းအားလူံးအတူရုန်းကြတာပေါ့💪💪

      Delete
  2. ဘုန်းကြီးတပါး အာပတ်ဖြေနေသလိုမျိုး
    ငါ Clickတယ်
    မလုပ်ရမနေနိုင် စွဲလန်းမှုကြီးတခုလို ငါ
    Click တယ် နေ့တိုင်း Clickတယ်

    ReplyDelete
    Replies
    1. ကောင်းမွန်တဲ့ စွဲလမ်းမှုတစ်ခုပါပဲ bro။ Fighting!💪

      Delete
    2. ဟုတ်ကဲ့ပါခင်ဗျာ

      Delete
    3. အချိနိတန်ရင် ယင်းကန်လာတယ်

      Delete
  3. The plot,
    "I'm lying to myself as if I'm working hard." by Paing Photo Thu in Lost Country, comes to my mind.

    ReplyDelete
    Replies
    1. ငါဆိုသည်မှာလဲ
      တစ်ခါ တစ်ခါ ဘိုလိုတွေ ထထမှုတ်ရတာအမော 🥴

      Delete
  4. မေတ္တာ ထားပြီးရှေ့ဆက်မယ်
    မအလနဲ့ အပေါင်းအပါတွေကိုတော့ မေတ္တာ မထားနိုင်ဘူး

    ReplyDelete
  5. နွေဦးမှာ
    ရှင်ကျန်ခဲ့ရင်တော့ တာ၀န်တွေ
    ဆက်ထမ်းကြတာပေ့ါ.....။

    ReplyDelete
  6. ဒီကဗျာလေးဖတ်နေရင်းနဲ့ကောင်းကောင်းတောင်မမြင်ရတော့ဘူး
    မျက်လုံးထဲမှာမျက်ရည်တွေပဲမို့😢

    ReplyDelete
  7. 🥷 Postတက်လာလို့ ...

    @ ခြုံပြောရရင် ...
    လူတန်းစားပေါင်းစုံအဆင်မပြေဘူး၊
    ဒါကို ...
    အဲ့ဒီလူတန်းစားပေါင်းစုံ အကုန်သိတယ်
    နဖူးတွေ့ဒူးတွေ့ ခံစားနေကြရတာ၊
    အဲ့တော့ ...
    ရမယ်ရှာပြီး ဂျင်းထဲ့မနေနဲ့
    ငြိမ်နေကြတာအကောင်းမဟုတ်ဘူး၊
    မင်းတို့ကို ...
    ခုတ်ဘို့ ဒါးသွေးစောင့်နေကြတာ၊
    အပိုတော့မပြောတော့ဘူး ...
    One by One တဲ့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. 🥷 အမြဲတမ်း ...

    😡 မင်းတို့ ...
    မအလတစ်သိုက်နဲ့
    ဘောမတစ်သိုက်ကို
    ဘယ်လိုဒုက္ခပေးရမလဲ ?
    ဘယ်လိုနှိပ်စက်ရမလဲ ?
    ဘယ်လိုဖြိုရမလဲ ?
    ငါအမြဲတမ်းစဉ်းစားတယ်
    လက်တွေ့လည်းလုပ်နေတယ်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  9. အားတင်းရင်း

    ReplyDelete
  10. 😥 ပြတ်ပြတ်သားသား ...

    @ ရန်သူက ...
    ပြည်သူတောင်မချန်ပြီ
    ဘောမများကလည်း ...
    ဝမ်းသာပီတိဂွမ်းဆီထိကြပြီ
    မင်းတို့မိုက်ရိုင်းချက်က ...
    စကောလောက်တောင် စောက်မနက်ပြီ
    ငါတို့တုံ့ပြန်ချက် ...
    လက်မနှေးဘို့တော့လိုလိမ့်မည်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. 🙂 တစ်ချို့တစ်ချို့ ...

    @ တစ်ချို့တစ်ချို့ ...
    အလိုတော်ရိစိတ် မပျောက်သေးဘူး
    သာတဲ့ဘက်ကူးတဲ့စိတ် ရှိပြန်သေးတယ်
    ခြေထိုးခံတဲ့စိတ် မွေးထားသေးတယ်
    အာဏာရူးတဲ့စိတ် ပြန်ပေါ်လာပြန်တယ်
    ဒီလိုသာ ...
    ဒီလူတွေနဲ့ဆက်သွားနေရင်တော့
    ပန်းတိုင်ရောက်ဘို့ ...
    အထစ်အငေါ့တွေနဲ့အလှမ်းဝေးနေအုံးမှာဘဲ

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  13. ကိုယ့်တရားကိုယ် ပြန်ပြန်နာရ
    ကြံဖန် သက်သာ​အောင် ​နေလိုက်​ရတယ်။

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. Fightin
    Good poem
    I like this poem.

    ReplyDelete
  16. Fighting
    Click,click,click................

    ReplyDelete
  17. အမေ
    စစ်ပွဲကြီးပြီးလို့
    သူရဲကောင်းတွေအိမ်ပြန်လာတဲ့အခါ
    သားမပါလာခဲ့ရင် မငိုလိုက်ပါနဲ့အမေ
    😢😥😭

    ReplyDelete
  18. အောင်ပွဲနဲ့အတူ
    အားလုံးပြန်လာနိုင်ဖို့
    ဆုတောင်းပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog