နာကျင်မှု

နာကျင်မှုဟာ
ငရဲတမျှ။

ငါအော်တယ်
ငါအော်တယ်
ငါ တဆတ်ဆတ်ခါအော်တယ်။

အော်သံဟာ ထွက်မလာဘူး
မျက်ရည်ဟာ ကျမလာဘူး
နာကျင်မှုဟာ မျက်ဝန်းထဲတဖျပ်ဖျပ်။

ရူးသွားမှာစိုးလို့ ငါထွက်ပြေးတယ်
နာကျင်မှုကို မခံနိုင်လွန်းလို့
ငါပြေးထွက်ခဲ့တယ်

တောင်ထိပ်စေတီလေးရှိရာ
အင်ကြင်းတောနဲ့ ရင်ခတ်ပန်းတို့ပွင့်ရာ
ကိုယ့်အသက်ရှူသံ ကိုယ်ထမ်းလို့တက်ခဲ့တယ်
မိမိကိုယ်ကိုယ် ပြန်တွေ့သည်အထိ
ဘုရားရှေ့ ထိုင်နေမိတဲ့နေ့ရက်များ။

လူတိုင်း ကြုံနေရတဲ့လောကဓံ
ငါ့ကျမှ ပိုနာကျင်ရသလားလို့
အရှက်ရခဲ့မိ နေ့ရက်များပေါ့။           ။

ခက်သီ

Respect & Credit to Poet Khet Thi 

Comments

  1. ါသေနတ်မပစ်တတ်ဘူး

    ငါ သေနတ်မပစ်တတ်ဘူး
    ငါ့လက်က ဂစ်တာတီးခဲ့တာ။

    ငါ သေနတ်မပစ်တတ်ဘူး
    ငါ့လက်က ကဗျာပဲရေးတတ်တာ။

    ငါ သေနတ်မပစ်တတ်ဘူး
    ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ ။

    အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်
    ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်
    အဲ့ဒါဟာ မမျှတဘူးလို ခံစားနေရတယ်
    လိပ်ပြာမလုံဘူးလို တွေးရိပ်ထင်နေတယ်
    ငါ သေနတ်ပစ်မယ်
    ငါ သေနတ်ပစ်မယ်
    ပါးစပ်နဲ့မရတာ သေချာတဲ့အခါ
    သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်
    ငါ သေနတ်ပစ်မယ် ။ ။

    #ခက်သီ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင် အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ်
    #Respect & Credit to Poet Khet Thi

    ReplyDelete
  4. 🙂 ကတိကဝတ်။ ...

    @ ကတိတွေပေးပြီး ...
    လွယ်လွယ်ဖျက်ခဲ့ကြတာ
    နှစ်ပေါင်း(၇၀)ကြာခဲ့ပြီ
    ကဝတ်တွေပေးပြီး ...
    ရူးချင်ရောင်ဆောင်ခဲ့တာလည်း
    နှစ်(၇၀)ရှိခဲ့ပြီ
    ဒါတောင် ...
    ယုံနေအုံးမယ်ဆိုရင်
    ခင်ဗျားတို့လောက်ညံ့တဲ့သူ
    ဒီလောကမှာ ရှိမယ်မထင်ဘူး။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  5. သေနတ်တောင်မကိုင်လိုက်ရတဲ့ဆရာခက်သီ

    ReplyDelete
  6. လိပ်ပြာလုံချင်တယ်

    ReplyDelete
  7. နာကျင်မှုဆိုတာ ဒဏ်ရာအတိမ်အနက်အပေါ်မူတည်တယ်

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog