လွမ်းမိတဲ့ အမေ့လက်ရာ (၃)
မြူရွက်သုပ်


ဒီလိုကာလဆိုတာ မြူရွက်လေးတွေ လှိုင်လှိုင်ပေါ်တဲ့ ကာလပေါ့။ ဆောင်းရာသီစ၀င်တည်းကနေ မြူရွက်လေးတွေ စပေါ်လိုက်တာဟာ ဆောင်းကုန်ခါနီးတဲ့ အထိပါပဲ။ ပြီးတော့ကျွန်တော်တို့ အညာမှာဆို မြူရွက်ကို ကြော်စား ၊ချက်စား ၊သုပ်စား အစုံလုပ်စားကြတာပဲ။ ကျွန်တော်ကတော့ သုပ်စားတာကို အကြိုက်ဆုံးပါပဲ။ 

မြူရွက်ဟာ Amaranthaceae မျိုးရင်းထဲမှာပါပြီး နိုင်ငံ၊နေရာဒေသအလိုက် lamb's quarters, melde, goosefoot and fat-hen စသည်ဖြင့် အခေါ်အဝေါ်လေးတွေကွဲပြားပါတယ်တဲ့။ ကျွန်တော်တို့နိုင်ငံမှာတော့ မြူရွက်လို့ပဲ ခေါ်ကြတာတွေ့မိပါတယ်။

သူဟာ ရာသီစာတစ်မျိုးဖြစ်ပြီး နိုင်ငံအတော်များများပေါက်တာဖြစ်လို့ လူကြိုက်များတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ မြူရွက်ဟာ ဆေးဘက်လည်း၀င်သလို လူကိုကောင်းကျိုးပြုတဲ့ ဗီတာမင် အေ, ကယ်လစီယံ၊ ဖောစပရပ်၊ ပိုတက်စီယံ တွေလည်းပါဝင်ပါသေးတယ်။ 

အရွက်ကို အစိမ်းအတိုင်း စားလို့တော့မရဘူးပေါ့။ အရွက်တွေကိုရေနွေးနဲ့ပြုတ်ပြီး စားသုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရွက်ထဲမှာ oxalic acid ပမာဏများစွာပါဝင်နေလို့ပါ။ မြူရွက်ကို စျေးထဲမှာ အပင်လိုက်အစည်းလေးတွေအပြင်၊ အနုလေးတွေချွေပြီး ပြုတ်ထားတာကို ရေညှစ်ပြီးသားလေးတွေကိုလည်း ရောင်းကြပါတယ်။ ပြုတ်ပြီးသားဆိုတော့ သိပ်အလုပ်မရှုပ်တော့ပဲ တစ်ခါတည်း တန်းသုပ်စားလို့ ပိုအဆင်ပြေတာပေါ့။ ဒါပေမဲ့ အိမ်ကအမေကတော့ ကိုယ်တိုင်လုပ်ရမှ သန့်တယ်ထင်တာမို့လို့ အပင်လိုက် အစည်းလေးတွေကိုပဲ ဝယ်တာများပါတယ်။ အခုခေတ်မှာက ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာ လွတ်တဲ့နေရာက ခပ်ရှားရှားမို့လို့ အနုလေးတွေကို အိမ်မှာအားတဲ့သူအကုန် ၀ိုင်းချွေကြ၊ သဲပါတတ်တာမို့လို့ သဲမပါအောင် ရေနဲ့သုံးခါလောက်သေချာဆေး၊ ပိုးသတ်ဆေးနဲ့မြေသြဇာအကြွင်းအကျန်တွေမပါတော့အောင် ဆားရည်နဲ့ဆယ့်ငါးမိနစ်လောက် စိမ်ထား။ 

ပြီးမှ ရေနဲ့တစ်ခါပြန်ဆေးပြီး ရေနွေးဆူဆူထဲမှာ သုံးမိနစ်လောက်ပြုတ်ပါတယ်။ ပြီးရင် ရေစစ်ပြီး အအေးခံထား၊သုပ်ခါနီးမှ ရေစင်အောင်ညှစ်ပြီး ကြက်သွန်နီဆီချက်၊ မြေပဲလှော်ထောင်းထားတာနဲ့ ကြက်သွန်နီ အစိမ်းတိုင်း လှီးထားတာလေးထည့်ပြီး အဆိမ့်ပဲသုပ်စားလည်း ကောင်းသလို ကြက်သွန်နီဆီချက်၊ မြေပဲလှော်ထောင်းထားတာ၊ ပုဇွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်းနဲ့ သံပုရာရည်ညှစ်ထည့်ပြီး ချဥ်စပ်လေးသုပ်စားလည်း ကောင်းတာပါပဲ။ ကျွန်တော်ကတော့ အမေဘယ်လိုသုပ်သုပ် အကုန်ကြိုက်ပြီးသားပဲ။

အဆိမ့်သုပ်လေးကို ရေနွေးကြမ်းလေးနဲ့ မိသားစုတွေ ၀ိုင်းဖွဲ့ စကားပြောရင်းစားကြတာလည်း လွမ်းမိပါရဲ့။ နေ့လည်နေခင်းမှာ ချဥ်စပ်လေးသုပ်ပြီး ထမင်းလေးနဲ့ အဆာပြေစားလည်း ကြိုက်မိတာပါပဲ။ အဆာပြေကို စားကောင်းကောင်းနဲ့ တ၀စားမိလို့ ညနေစာထမင်း မစားနိုင်တော့တဲ့အခါလည်း ရှိဖူးပါရဲ့လေ။ ထမင်းစားမကောင်းတဲ့အခါတိုင်း အမေ့ကိုလွမ်းမိတဲ့အခါတိုင်း အခုလိုအချိန်မှာ အမေသုပ်ကျွေးတဲ့မြူရွက်သုပ်လေးကို လွမ်းမိပါရဲ့။ 

ရဲဘော်ရဲဘက်သူငယ်ချင်းတွေနဲ့ ညီအကိုလိုနေကြရပေမယ့် မိသားစုရဲ့ နွေးထွေးမှုကို တောင့်တမိတဲ့အချိန်တိုင်းမှာလည်း မိသားစုတွေဝိုင်းဖွဲ့ပြီး မြူရွက်သုပ်လေးနဲ့ ရေနွေးကြမ်း ဝိုင်းဖွဲ့ စကားတွေပြောဆိုနေတဲ့အချိန်တွေလည်း သတိရမိပါရဲ့လေ။ စစ်အာဏာရှင်ကို အပြီးသတ်ဖြုတ်ချပြီးတဲ့တနေ့မှာ အိမ်ပြန်ရောက်ရင်တော့ အမေ့လက်ရာမြူရွက်သုပ်လေး စားချင်ပါသေးတယ်။ မိသားစုတွေနဲ့လည်း ပျော်ပျော်ပါးပါးရေနွေးကြမ်းဝိုင်းလေး ဖွဲ့ချင်ပါသေးတယ်။

အခုချိန်မှာတော့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ အာဏာသိမ်းစစ်တပ်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်နေတုန်းမို့လို့ ခဏတော့အောင့်ထားလိုက်ပါဦးမယ်။ ကံကောင်းရင်တော့လည်း ရွာတွေကနေ စေတနာအပြည့်နဲ့ ရှိတာလေးတွေချကျွေးကြတဲ့ ထမင်းဝိုင်းမှာ မြူရွက်သုပ်လေးတစ်ပွဲတော့ ပါကောင်းပါရဲ့။

ပြည်သူက ကျွန်တော်တို့ရဲ့မိဘတွေဖြစ်ပြီး၊ ကျွန်တော်တို့ PDF တပ်ဖွဲ့ဝင်တွေကလည်း ပြည်သူတွေရဲ့ သားသမီးတွေပဲမို့လို့ ဘယ်ပြည်သူကကျွေးကျွေး အမေသုပ်ကျွေးသလို စားကောင်းမှာ သေချာပါတယ်။ 

ကျွန်တော်တို့က စစ်တပ်ကိုအမြစ်ဖြတ်ဖို့အတွက် ရှေ့တန်းမှာအသက်စွန့်ပြီး ပါ၀င်နေသလို ဒီတော်လှန်ရေးကြီး မြန်မြန်ပြီးအောင် လှူနိုင်တဲ့သူကလှူ၊ ကူနိုင်တဲ့သူကကူသလို ကိုယ့်ရဲ့ အိုးအိမ်စည်းစိမ်တွေကိုပစ်ပြီး အန္တရာယ်ကြားပြေးလွှားနေကြရတဲ့ စစ်ရှောင်ပြည်သူတွေကိုလည်း Click ခြင်းအားဖြင့် ကူညီပေးကြပါဦးလို့။

တိုက်ဆိုင်မှုလေးတွေရှိလာတဲ့အခါ လွမ်းရုံ တမ်းတရုံလောက်နဲ့တင် ဖြေသိမ့်နေရသေးတဲ့ကာလဖြစ်လို့ အလွမ်းတွေကို အခုတော့စာရေးပြီးဖြေသိမ့်နေရုံပေါ့။

နောက်တစ်ပါတ်မှာလည်း သတိရမိတဲ့ အမေ့လက်ရာလေးတွေအကြောင်း ရင်ဖွင့်မိချင်ပါသေးရဲ့။ 

Linn Khant Maw

Comments

  1. မြူရွက်သုပ် အရမ်းကြိုက်တယ်
    အိမ်လွမ်းသူအားလုံး ဘေးကင်းလုံခြုံစွာနဲ့ ရှင်သန် အောင်ပွဲခံပြီး အမြန်အိမ်ပြန်နိုင်ကြပါစေ 🙏🕊️🙏

    ReplyDelete
  2. အရမ်းမိုက်တယ် အဲ့ဒါ

    ReplyDelete
  3. မစားဖူးဘူး ကြားဖူးတယ်
    Thanks.❤️

    ReplyDelete
  4. မစားဖူးဘူး...စားတောင်စားချင်လာပြီ🤤

    ReplyDelete
  5. ကြိုက်တယ်မြူရွက်သုပ်

    ReplyDelete
  6. မသိတဲ့ အစားအစာ တော်တော်များတာပဲ
    sharing လုပ်ပေးတဲ့အတွက် Thanks ပါ

    ReplyDelete
  7. မစားဘူး ဘူး ရေးထားတာနဲ့ရင် အတော်လေး သရေကျနေတာ
    အောင်ပွဲများနဲ့အတူ အမြန်ဆုံးစားနိုင်ပါစေ အတူတူအိမ်ပြန်ုကြမယ်

    ReplyDelete
  8. မြူရွက်သုပ်​လေးလည်း ကြိုက် 👍
    စားချင်လာမိ 🤤

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. ကျွေးမယ်..လာခဲ့

      Delete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. Replies
    1. အမြန်ဆုံးပြန်လည်ကျန်းမာပါစေ🙏

      Delete
    2. အယ် နေမကောင်းဘူးလား
      မြန်မြန်သက်သာပါစေနော် 💞💞💞

      Delete
    3. မမနေမကောင်းဘူးလား မီးမမအမြန်ဆုံးသက်သာပါစေ😚 အားလုံးကျန်းမာရေးဂရုစိုက်ကြပါ

      Delete
    4. Thank you သရီး စစ်စတာ🥰
      နေကောင်းသွားပါပြီ ♡

      Delete
  11. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  12. စားချင်လာပြီဗျာ။

    ReplyDelete
  13. မြူရွက်သုပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ 🤤🤤🤤

    ReplyDelete
    Replies
    1. လင်းဆက်March 20, 2023 at 9:46 PM

      ရှယ်ကြိုက်

      Delete
    2. ဆန်းမီလဲ ရှယ်ကြိုက်April 16, 2023 at 3:20 AM

      🤤🤤🤤

      Delete
  14. ကြိုက်ပါတယ်မြူရွက်သုတ်

    ReplyDelete
  15. ဘယ်သို့သော အစားအစာ
    ဘယ်လိုပင် ကောင်းပါသည်ပြောလည်း
    အမေ့လက်ရာကိုတော့
    မမှီ ဆိုသည်မှာ
    လူတိုင်းရဲ့ ခံစားချက်။

    ReplyDelete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
  17. အမေ့လက်ရာ မြူရွက်သုပ်။
    ကြိုက်တယ်။

    ReplyDelete

Post a Comment

Popular posts from this blog