အိမ်လွမ်းနာ (၂)

သမုန်းဖူးသုတ်


အခုတလော ကျွန်တော်တို့ အညာဘက်ကလူတွေအပြောများနေတဲ့ စကားလေးတစ်ခုကို အတွေ့များနေတယ်။ “အညာမှာနေပြီး အညာကိုပြန်လွမ်းနေရတယ်” တဲ့လေ။ ဒီစကားစုရဲ့ ဆိုလိုရင်းကို သေသေချာချာတွေးရင် ရင်နာဖို့အရမ်းကောင်းတာ။ 

တိုက်ပွဲတစ်ခုဖြစ်ပြီဆို မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေက တိုက်ပွဲအနီးအနားမှာရှိတဲ့ ရွာတွေကို မီးတင်ရှို့တယ်။ တွေ့သမျှ လူရော၊တိရိစ္ဆာန်ပါမကျန် မည်းမည်းမြင်ရာပစ်တယ်။ စိတ်ပေါ့သွပ်နေတဲ့ သူတွေပါမကျန်သတ်ဖြတ်တယ်။ ရွာလုံးကျွတ် မီးရှို့ခံကြရတဲ့အချိန်မှာ မပြေးနိုင်လို့ကျန်ခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါဝေဒနာခံစားနေရတဲ့သူတွေလည်း မီးရှို့တဲ့အထဲမှာပါပြီး ပူလောင်နာကျင်မှုများစွာနဲ့ သေဆုံးခဲ့တာဟာ အရေအတွက်မနည်းတော့ပါဘူး။

တော်လှန်ရေးအရှိန်ကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ဒေသတွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်တော်တို့အညာကရွာများစွာဟာလည်း မင်းအောင်လှိုင်လက်ပါးစေတွေရဲ့ လူမဆန်မှုတွေကြောင့် မီးလောင်ပြင်ဖြစ်ခဲ့ရတာပါ။ အခုဆိုရင် မီးရှို့ခံရတဲ့အိမ်ခြေတွေဟာ သောင်းဂဏန်းကိုချီလို့နေပါပြီ။ စစ်တပ်၀င်လာလို့ရရာဆွဲပြီးပြေးကြတယ်။ နောက်ရက်စစ်တပ်သွားပြီသတင်းရလို့ ရွာပြန်ကြည့်ရင် မီးလောင်ပြင်ဖြစ်နေတဲ့ကိုယ့်အိမ်ကို မြင်လိုက်ရတဲ့ခံစားချက်ဟာ ပူလောင်လွန်းတယ်ဆိုတာ ကြုံဖူးမှသိကြမှာပါ။ ဒါတောင်စစ်တပ်ပြန်ပြီ သတင်းရလို့ ရွာပြန်ကြည့်ပေမဲ့ မပြန်သေးတဲ့စစ်တပ်နဲ့တိုးပြီး အမျိုးမျိုးနှိပ်စက်သတ်ဖြတ်ခြင်းခံလိုက်ရတဲ့ ပြည်သူအရေအတွက်လည်း မနည်းလှတော့သလို မြေမြှုပ်မိုင်းတွေထောင်ထားခဲ့လို့ မြေမြှုပ်မိုင်းဒဏ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေကလည်း ဒုနဲ့ဒေးပါ။

လူ့အသက်ကိုတောင် တန်ဖိုးထားရမှန်းမသိတဲ့စစ်တပ်ဟာ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း အလွတ်မပေးခဲ့ကြပါဘူး။ မြင်သမျှ ဖမ်းသတ်ပြီးစားခဲ့သလို မစားနိုင်လို့ကျန်တာကျ ပစ်သတ်ခဲ့ကြတာပါ။ ၀မ်းစာဆန်စပါးကို ဒီဇယ်လောင်း မီးရှို့ပစ်ခဲ့ကြလို့ ၀မ်းစာဆီကိုပါ မြေကြီးထဲသွန်ခဲ့ကြတဲ့ထိကို ယုတ်မာလွန်းတာပါ။ ဆောင်းရာသီဆိုတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ သာယာလွန်းတဲ့အညာမြေဟာ အခုတော့ ပူလောင်မှုတွေအပြည့်နဲ့ မအေးသောဆောင်းရာသီ ဖြစ်နေပါပြီ။ ဆောင်းအေးအေးမှာ မနက်ပိုင်းဆို မီးလှုံကြမယ်။ ရေနွေးကြမ်းပူပူလေးနဲ့ မီးဖိုကပြာပူပူမှာ မီးအုံးထားတဲ့ ထန်းမြစ်လေးတွေစားကြမယ်။ ကောက်သစ်တွေ ပေါ်တဲ့အချိန်မို့ သူ့အိမ်ကိုယ့်အိမ်ကနေစပြီး တတ်နိုင်လျှင်တတ်နိုင်သလိုဝေကြတဲ့ ကောက်ညှင်းပေါင်း၊ မုန့်ပေါင်းလို သွားရည်စာမုန့်ပူပူနွေးနွေးတွေကို ဆောင်းအေးအေးမှာ မီးလှုံရင်းစားကြမယ်။

ရွာအပြင်ခရိုးတန်းမှာလည်း သမုန်းဖူး၊သမဲပွင့်၊တောပဲကြီးပွင့်လို့ ရာသီစာဟင်းသီးဟင်းရွက်တွေလည်း ခူးလို့မကုန်အောင်ပေါ်နေပြီ။ ဆီးကြက်ဥလိုဆီးချိုသီး၊ အစေ့မပါတဲ့စလေဇီးသီး၊ ရိုးရိုးဇီးချဥ်သီးတွေဟာလည်း အခုချိန်မှာ အညာဒေသရဲ့ ရာသီစာပါပဲ။ အခုချိန်မှာတော့ ခူးမယ့်သူမရှိလို့ ရင့်တဲ့ဟာရင့်၊ ကြွေတဲ့ဟာလည်းကြွေရင်း အရင်ကလိုခူးမယ့် ရွာသူရွာသားတွေကို လည်တမျှော်မျှော်စောင့်လို့နေပါပြီ။ 

ရွာမှာနေခွင့်ရှိနေသေးတဲ့သူတွေတောင်မှ စစ်တပ်နဲ့တိုးရင် အသတ်ခံရမှာစိုးပြီး ရွာနဲ့မနီးမဝေးမဝေးမှာရှိတဲ့ ရာသီစာအပွင့်အဖူး၊ အသီးအရွက်တွေကို သွားခူးပြီး မစားရဲကြတာ ရွာကနေပြေးပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေဆိုပိုဆိုးပြီပေါ့။

ပြောရင်းနဲ့လေ ခုချိန်ပေါ်နေပြီဖြစ်တဲ့သမုန်းဖူးသုပ်လေးကို လွမ်းလိုက်တာဗျာ။ ရွာပြင် ခရိုးတန်းမှာရှိတဲ့ သမုန်းပင်က အဖူးတွေကိုခူး။ ပြီးရင် ခဏပြုတ်၊ရေစင်အောင်ညှစ်ပြီး မြေပဲလှော်ထောင်းရယ်၊ ကြက်သွန်ဖြူဆီချက်၊ ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်းနဲ့ သံပုရာရည်လေးညှစ်ထည့်ပြီး သုပ်စားလိုက်ရရင် ဘာပြောကောင်းမလဲ။

ရေနွေးကြမ်းပူပူလေးနဲ့ မြည်းမယ်ဆို လိုက်မှလိုက်ပေါ့။ ထမင်းနဲ့စားမယ်ဆိုလည်း ပေါ်ခါစ ပဲကြီးလတ်လတ်ဆတ်ဆတ်လေးကို ဆူးပုပ်လေးခပ်ထားတဲ့ ပဲကြီးဆူးပုတ်ဟင်းချိုလေးရယ်၊ ငါးလူးတို့၊ ရင်ပေါင်စာတို့လို အကောင်သေးငါးလေးတွေကို ကြွပ်ကြွပ်လေးပဲ ကြော်ကြော်၊ အိုးကပ်လေးပဲချက်ချက် ချက်ထားတာလေးနဲ့ တွဲစားလိုက်ရရင်တော့ အိမ်ကအောင်နက်တို့၊ မိနီမတို့အတွက်တောင် ထမင်းမနည်းချန်ရပြီပေါ့။

အခုချိန်ကတော့ အညာမှာနေပြီးအညာကိုလွမ်းနေရတဲ့အချိန်မို့ စိတ်ကူးနဲ့ပဲ သွားရည်သိမ်းနေရတုန်းပါ။ အညာမှာ ဆောင်း၀င်တာနဲ့ ရေကစရှားပါပြီ။ ရွာမှာနေတဲ့သူတွေအတွက် သိပ်မခက်ခဲလှပေမယ့် တောထဲမှာနေရတဲ့ ကျနော်တို့လို စစ်ဘေးရှောင်တွေအတွက်တော့ သောက်ရေ၊ သုံးရေက စရှားနေပါပြီ။ သောက်သုံးရေမသန့်တာကနေဖြစ်ပွားလာမယ့် ဝမ်းရောဂါလို ရောဂါမျိုးတွေအတွက်လည်း စပြီးပူပန်နေရပါပြီ။

သစ်ကောင်းကောင်းနဲ့ဆောက်ပြီး ရေနံချေးဝနေတဲ့ မိသားစုတွေဆုံရာ အိမ်ကြီးကိုလည်း လွမ်းမိသလို၊ မန်ကျည်းပင်တွေပတ်လည်ဝိုင်းနေတဲ့ကြားက ရေတွင်းကြီးကနေလိုသလောက်ရေကို ခပ်ယူသုံးစွဲခဲ့တာဟာလည်း အခုတော့ အိပ်မက်ဖြစ်နေပါပြီ။

အိမ်ကြီးလည်း မီးလောင်ငုပ်တိုပဲကျန်တော့သလို မန်ကျည်းပင်တွေကလည်းမီးဟပ်တဲ့အရှိန်နဲ့ ခါတိုင်းလို အေးမြမှုမပေးနိုင်တော့ပါဘူး။ သောက်ရေ၊သုံးရေ လိုသလောက်ရတဲ့ ရေတွင်းထဲလည်း ခွေးသေကောင်ပစ်ချခဲ့တာမို့ ခါတိုင်းလို စိတ်သန့်သန့်နဲ့ သုံးစွဲဖို့ မဖြစ်နိုင်တော့ပါ။ 

မင်းအောင်လှိုင်ရဲ့ လက်ပါးစေ စစ်တပ်ရဲ့ လူမဆန်စွာ ယုတ်မာမှုတွေက ပြောလို့မကုန်အောင်ပါပဲ။

ပိုဆိုးတာကတော့ စစ်တပ်မရှိတဲ့အချိန်လေး ခဏရွာပြန်ပြေးကြည့်ချိန်ရလိုက်ပေမဲ့ ရွာပြန်မနေရဲသေးတာကြောင့် မီးလောင်ငုပ်တိုပဲကျန်တော့တဲ့ အိမ်ယာကွက်ကိုတောင်လွမ်းနေရတဲ့ ဘ၀တွေမို့ပါ။ ရွာအပြင်ခရိုးတန်းမှာ ဖူးပွင့်နေတဲ့ ရာသီစာအဖူးအပွင့်၊ အသီးအရွက်တွေလည်း ရွာခဏပြန်ကြည့်ချိန်မှာမြင်ခဲ့ရပေမဲ့ ခူးချိန်မရခဲ့ပါဘူး။ စစ်တပ်ကအချိန်မရွေးရောက်လာနိုင်တာကြောင့် ဟင်းတစ်ခွက်ရဖို့အတွက် အသက်စွန့်ဖို့ မတန်တာကြောင့်ပါ။

စစ်တပ်ကို အမြစ်ဖြတ်ပြီးတဲ့တစ်နေ့တော့ ရွာပြန်ရမှာပါ။ အခုချိန်မှာတော့ မီးလောင်ငုပ်တိုပဲဖြစ်နေပါစေ တစ်ချိန်ကအမှတ်တရများစွာရှိတဲ့ အိမ်ကိုလွမ်းနေခွင့်ပဲ ရှိပါသေးတယ်။

အညာမှာနေပြီး အညာကိုလွမ်းနေရတဲ့ရက်တွေ မြန်မြန်ကုန်ဆုံးစေဖို့ ကျွန်တော်တို့စစ်ဘေးရှောင်တွေ အိမ်မြန်မြန်ပြန်ခွင့်ရဖို့၊ ကျနော်တို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ မြန်မြန်အကောင်အထည်ဖေါ်ဖို့ အတွက်ဆိုရင် စစ်တပ်ကို မြန်မြန်အမြစ်ဖြတ်နိုင်မှ ဖြစ်မှာပါ။

တိုက်နိုင်တဲ့သူကတိုက်၊လှူနိုင်တဲ့သူကလှူ၊ကူနိုင်တဲ့သူကကူ၊ကလစ်နိုင်တဲ့သူက ကလစ်ပေးရင်ကို တော်လှန်ရေးကြီး အရှိန်ကောင်းသည်ထက်ကောင်းလာမှာပါ။

ယုတ်မာပက်စက်လှတဲ့ စစ်တပ်ကို မြန်မြန်အမြစ်ဖြတ်ဖို့အတွက် ကျနော်တို့အားလုံး တက်ညီလက်ညီနဲ့ ကိုယ့်တာ၀န် ကိုယ်ကျေဖို့လိုပါတယ်။ နောင်တစ်ချိန် တော်လှန်ရေးကြီးပြီးတဲ့အခါမှာ ငါကတော့တော်လှန်ရေးမှာ ဒီလိုတွေပါဝင်ခဲ့တာပါဆိုပြီး ဂုဏ်ယူစွာပြောနိုင်ဖို့အတွက် ကိုယ့်တာဝန်ကိုယ်ကျေကြရအောင်လားဗျာ။။


Linn Khant Maw

Comments

  1. နိုင်ရာတာဝန်ထမ်းလျှက်ပါ
    ကိုယ်စွမ်းရှိသမျှ ကြိုးစားပါဝင်နေပါတယ် 🤜🤛

    ReplyDelete
  2. Fighting 💪
    အဲ့အရွက်လည်း ခုမှကြားဖူး🤦‍♀️

    ReplyDelete
  3. ငါတို့နိုင်မှာ💪

    ReplyDelete
  4. သမုန်းဖူးသုပ်အကြောင်းဖတ်တာ ရင်ထဲစို့တက်သွားတယ်။

    ReplyDelete
  5. ကြိုးစားလျက်

    ReplyDelete
  6. ဟုတ်ခင်ဗျာ❤️

    ReplyDelete
  7. အရမ်းကြိုက်တာ😭

    စာဖတ်ရင်းငိုမိသွားတယ်

    ReplyDelete
  8. သမုန်းဖူးသုပ် လွမ်းမိ...

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. ဝှီး.........ဒုတ်။

      Delete
  10. ဟုတ်တယ်နော်
    ရေ ရေ
    ရေ စရှားနေပြီ နွေ‌ရောက်တော့မှာဆိုတော့

    ReplyDelete
    Replies
    1. Btw, ဇီးကြက်ဥ ကြိုက်တယ်

      Delete
    2. ညောင်ချဥ◌်ဖူးသုပ်တော့ စားဖူးတယ်
      သမုန်းဖူးသုပ်မစားဖူးသေး

      Delete
  11. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  12. မိသားစုတိုင်းဘေးကင်းကြပါစေ

    ReplyDelete
  13. တာဝန်​ကျေကြစို့

    ReplyDelete
  14. သမုန်းပွင့်ကို မြေပဲဆံနိုင်နိုင်နဲ့ ကြက်သွန်နီလေးပါးပါးလှီး ပဲဆီလေးဆမ်းပြီး လွေးလိုက်ရရင်ရှယ်ပဲဟေ့။ အခုတော့မအလ ကြောင့် ပတ်ပြီးကလစ်နေရတယ်။

    ReplyDelete
  15. သမုန်းဖူးသုတ် တဲ့ ခုမှ ကြားဖူးတယ်ရော်

    ReplyDelete
  16. ခုမှကြားဖူးတယ်

    ReplyDelete
  17. နိူင်သမျှကြိုးစားထမ်းနေပါတယ်မရမချင်းတိုက်ဘို့ကဒို့ပြည်သူတွေသာအဓိကပါကမ္ဘာမကျေဘူးဟေ.

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog