အိမ်လွမ်းနာ(၁)
ငါးကချင်ချက်

အိမ်လွမ်းနာဆိုတာမျိုးက ကိုယ့်အိမ်နဲ့ ဝေးတဲ့အရပ်မှာ ရောက်နေတဲ့သူတိုင်းခံစားဖူးတဲ့ ဝေဒနာတစ်မျိုးပေါ့။ တချို့တွေက နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကြလို့ အိမ်နဲ့ဝေးကြရတယ်။

တချို့တွေကလည်း ပျော်ရာမှာမနေ တော်ရာမှာနေဆိုသလို မိမိမှာရှိတဲ့ အခက်အခဲအကြပ်အတည်းတချို့ကြောင့် ဇာတိမြေက အိမ်နဲ့ခွဲခွာပြီး နေကြရတယ်။

တချို့ကတော့ ဒီမြေမှာနေ ဒီရေကိုသောက် ဒီလေကိုရှူရင်းနဲ့ပဲ ပြည်တွင်းစစ်မီးကနေ ရှောင်ပြေးကြရင်း စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံကြရင်း အိမ်နဲ့ဝေးကွာကြရတယ်။

အကြောင်းကိစ္စလေး တစ်စုံတစ်ရာ... ရနံ့သင်းသင်းလေးတစ်ခုခုပဲဖြစ်ဖြစ်...အရောင်လေးတွေပဲဖြစ်ဖြစ်...ပြောရင်းဆိုရင်း တိုက်ဆိုင်မိသွားတဲ့အခါ ဖျက်ခနဲ ငိုင်ကျသွားရလောက်တဲ့အထိ တိတ်ဆိတ်သွားရတဲ့ ဝေဒနာမျိုးပေါ့...။

နွေဆိုပူ၊ မိုးဆိုမိုးကမလုံ၊ ဆောင်းဆိုအသည်းခိုက်အောင်အေးတဲ့ အအေးဒဏ်ကနေ မကာကွယ်နိုင်တဲ့ နေရာမျိုးတွေမှာ ရက်တွေ လတွေနဲ့ချီပြီးနေကြရတာပါ။

ကျွန်တော်တို့ ဆုတောင်းကြတာ တစ်ခုရှိတယ်မဟုတ်လား။ ပေးသောလက်ပဲဖြစ်ပါရစေ။ ယူသောလက်မဖြစ်ပါရစေနဲ့ဆိုတဲ့ ဆုတောင်းလေးကို။ အဆင်မပြေတဲ့ အခိုက်အတန့်လေးမှာ သူတစ်ပါးလှူဒါန်းတာကို လက်ခံပြီး အသက်ဆက်နေရတဲ့ ခံစားချက်က ဘယ်လိုမျိုးဆိုတာကို ပြောနေတဲ့သူတွေ သိစေချင်မိပါရဲ့လေ။

သတိရမိပါသေးတယ်...သဘာ၀ကပေးတဲ့ ကြည်လင်နေတဲ့ကောင်းကင်၊ သန့်ရှင်းအေးမြတဲ့ရေ၊ လတ်ဆက်လွန်းတဲ့လေတွေရှိတဲ့ ကချင်မြေက တောင်တန်းကြီးတွေမှာ တောင်ယာစိုက်ပျိုးကြရင်း ဘဝကိုရိုးရှင်းစွာဖြတ်သန်းရင်း ပျော်ရွှင်ခဲ့ကြတဲ့အချိန်တွေ...

တောင်ယာတဲ တစ်တဲနဲ့ တစ်တဲကြားမှာ ရင်းနှီးနွေးထွေးတဲ့ မိသားစုဆက်ဆံရေးတွေနဲ့ မိသားစုဘဝတွေကိုစည်းလုံးစွာ တည်ဆောက်ခဲ့ကြတဲ့အချိန်တွေ...

မြန်မာပြည် အာဏာရှင်စစ်တပ်ရဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုတွေကနေ သည်းမခံနိုင်တဲ့အဆုံး တိုင်းရင်းသားတွေက ရရာလက်နက်ကိုင်စွဲပြီး တော်လှန်ခဲ့ကြတာကနေ ပြည်တွင်းစစ်မီးစခဲ့တာဟာ ဆယ်စုနှစ်တွေ တော်တော်များနေပါပြီ။ ပြည်တွင်းစစ်မီးစကတည်းက တိုက်ပွဲနဲ့ လက်တစ်ကမ်းမှာရှိတဲ့ စိုက်ပျိုးမွေးမြူကြရင်း ရိုးသားစွာအသက်မွေးနေတဲ့သူတွေဟာ စစ်ဘေးရှောင်စခန်းတလှည့်၊ ကိုယ့်တောင်ယာတဲတလှည့် နေခဲ့ကြရတာလည်း ယခုတိုင်ပါပဲ။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ မတရားအာဏာသိမ်းပြီးနောက်မှာတော့ ပြည်တွင်းစစ်မီးဟာ ပိုတောက်လောင်ခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းကနေ မပြန်နိုင်ခဲ့တာလည်း နှစ်နဲ့ချီလာပြီဖြစ်တဲ့အပြင် စစ်ဘေးရှောင်အရေအတွက်ဟာလည်း ပိုလို့ ပိုလို့တောင် တိုးလာပါတော့တယ်။

ပြည်တွင်းစစ်မီးသာ မရှိခဲ့ဘူးဆိုရင် ဒီအချိန်မှာ စူးထိုးပြီးစိုက်တဲ့ တောင်ယာစပါးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရိတ်သိမ်းနေကြပါပြီ။ စိုက်ခင်းတွေကနေလည်း ရာသီပေါ်သီးနှံတွေဟာ ခူးဆွတ်စားလို့ မနိုင်အောင်ကို သီးပွင့်နေလောက်ပါပြီ။

အပျော်တွေနဲ့ လူစုံတတ်စုံစားနေကြတဲ့ မိသားစုထမင်းဝိုင်းတွေကိုလည်း တွေ့မြင်နေကြရပါပြီ။ ပြောရင်းဆိုရင်း ငါးကချင်ချက် ပူပူနွေးနွေးလေးတစ်ပွဲကို မှတ်မိပါသေးရဲ့...

ကျောက်ငါးကြင်း လတ်လတ်ဆတ်ဆတ်နဲ့ ချက်ထားတဲ့ ငါးကချင်ချက်လေးတစ်ပွဲ

ပထမဆုံး မျှစ်ချဉ်ကို မတောက်အောင်လို့ နနွင်းလေးထည့်ပြီး တရေလောက် ကျက်အောင် အရင်ပြုတ်လိုက်မယ်။

ကျောက်ငါးကြင်းတွေကို သေသေချာချာသန့်စင်ပြီး ရေစင်စင်ဆေး၊ အနေတော်တုံးထားတာကို ဆား၊ဖက်ဖယ်ရွက်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ နံနံပင်နဲ့ငရုတ်သီးစိမ်းပါ ရောထည့်ထောင်းထားတာနဲ့ နယ်ပြီး ခဏနှပ်ထား။ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်မယ်။

ကြက်သွန်ဖြူ စိမ်းနံ့ပျောက်ရင် နနွင်းမှုန့်ထည့်မယ်။ ပြီးရင်ငါးထည့်ပြီး အရမ်းကြေမသွားအောင် သတိထားပြီး ခပ်ဖွဖွမွှေပေးမယ်။ မျှစ်ချဥ်ထည့်မယ်။ အသင့်တည်ထားတဲ့ ရေနွေးအဖြူထည့်မယ်။

ငါးကျက်ပြီး ဆီလည်ရေလည်အနေအထားလေးနဲ့ ဖြစ်ပြီဆိုရင် ငါးကချင်ချက် ချဥ်စပ်မွှေးလေးတစ်ပွဲရပါပြီ။

အရည်သောက်အတွက်က ရွှေဖရုံသီးနုနုလေးကို အနေတော်တုံးပြီး ရေများများနဲ့ ဆားထည့်ပြုတ်မယ်။ ရွှေဖရုံသီးနူးပြီဆိုရင် အနေတော်လှီးခြွေထားတဲ့ ရုံးပတီသီး၊ ရွှေဖရုံညွန့်၊ စူကာညွန့်နဲ့ ပဲညွန့်လေးတွေရယ်ကို ခပ်လိုက်မယ်။ ဒါဆိုရင် ဟင်းချို ပူပူချိုချိုလေးရပါပြီ။

စူးထိုးပြီးစိုက်ထားတဲ့ ကောက်သစ်ဆန်နဲ့ ချက်ထားတဲ့ ထမင်းပူပူမွှေးမွှေးလေးရယ်၊ ချဥ်စပ်မွှေးငါးကချင်ချက်ရယ်၊ သီးရွက်စုံဟင်းချိုပူပူချိုလေးရယ်ကို အမေစိမ်ပေးထားတဲ့ ခေါင်ရည်လေးကျိုက်ရင်း မိသားစုတွေ စုံစုံညီညီစားကြမယ်။

တွေးကြည့်လိုက်ရင်ကို နွေးထွေးမှုအပြည့်နဲ့ အရသာရှိလှတဲ့ ထမင်းဝိုင်းလေးပါပဲ။ အဲ့ဒီလိုထမင်းဝိုင်းလေးနဲ့ ဝေးနေတာလည်း ကြာလှပါပြီ။

စစ်ဘေးရှောင်စခန်းမှာ လာခိုလှုံကတည်းက ဆိုပါတော့လေ။

အခုတော့ဖြင့် Matisyahu အဖွဲ့ရဲ့ One day သီချင်းထဲက

Sometime in my tears I down

But I never let it get me down

So when negativity surrounds

I know some day it'll all turn around,

Because......

All my life l've been waiting for

I've been praying for

For the people to say

That we don't wanna fight to more

There'll be no more wars

And our children will play

One day (One day) one day (One day)

ဆိုတဲ့ သီချင်းစာသားတချို့ကို ရေရွတ်ရင်း

အို အဖဘုရား !

ကျွန်ုပ်တို့ နှလုံးသားများအား ပူဆွေးသောအရပ်မှ စိမ်းလန်းသောအရပ်ဆီသို့ အမြန်ပို့ဆောင်ပေးပါ ဘုရားလို့ ဆုတောင်းရင်း မိသားစုတွေပြန်ဆုံပြီး စုံစုံညီညီစားရမယ့် ထမင်းဝိုင်းတွေကို တမ်းတမျှော်လင့်ရင်း...


Linn Khant Maw

Comments

  1. One day (One day) One day

    ငါးဆို​ကြော်တာပဲကြိုက်လို့
    ကြက်ကချင်ချက်​လေး စားချင်လာမိ 🤤

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  2. ခေါင်ရည်လည်း သောက်ဖူးချင်၊ ငါးမကြိုက်ပေမယ့် စားကြည့်ချင်❤️
    ဖိုက်တင်း....

    ReplyDelete
    Replies
    1. ငါးကချင်ချက်ဆို လွှတ်ကိုကောင်းတာ 😋

      Delete
    2. တလရပီးရင် တဝိုင်းချမယ်
      မမတူး😛

      Delete
  3. နိုင်ရာကူရင်း အိမ်ဝေးနေသူတွေ မိသားသားစုစုံညီတဲ့ထမင်းဝိုင်းလေးအမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်🙏🌻

    ReplyDelete
  4. ကျေးဇူးပါ မျှ‌‌ေ၀ပေးလို့
    ဟင်းအတွဲအစပ်က ဖတ်နေရင်းတောင် သွားရည်ကျနေပြီ 🤤

    မိသားစုတွေ အမြန်ဆုံး ဆုံဆည်းကြဖို့ 💪

    ReplyDelete
    Replies
    1. ဖိုက်တိုး မမ 🤝

      Delete
    2. ဖိုက်တိုးမမမီး

      Delete
    3. အဲ့မီး ဘယ်ရောက်နေလဲ

      Delete
  5. Save ထားလိုက်ပြီ။ ချက်စားကြည့်မယ်။

    ReplyDelete
    Replies
    1. ချက်စားကြည့်ပြီးပြီလား 😁

      Delete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. တနေရာစီဝေးနေတဲ့ မိသားစုတွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေ 🙏

    ReplyDelete
  8. This comment has been removed by admin.

    ReplyDelete
  9. စားချင်လိုက်တာ။

    ReplyDelete

  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  11. အိမ်အမြန်ပြန်နိုင်ကြပါ​စေဗျာ 🙏

    ReplyDelete
    Replies
    1. ထမင်းစားရင်း ကလစ်
      စားလို့က မ​ကောင်း
      ငါးကချင်ချက်​လေး သ​ရေကျတာဗျာ 🤤🤤🤤

      Delete
    2. ဒီမှာတော့ ငါးကြော်နဲ့ ထမင်းစားရင်း ကလစ်နေတာ 😋

      Delete
    3. ငါး​ကြော်​လေး စားချင်တာ
      ကျ​နော်​တော့ ငါးဆိုတာ ဘာလဲဆိုပီး အရုပ်​ရေးယူရမလို ဖြစ်​နေပီ 😢

      Delete
    4. ပို့ပေးလို့ရရင် တကယ်ပို့ပေးချင်ပါတယ်ဟယ် 💙

      Delete
  12. There'll be no more wars

    And our children will play

    One day

    Done♥

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  14. ရေးထားတဲ့ စာလေး ဖတ်ရတာ
    လွမ်းမောဘွယ်။
    ဘုရားသခင်ကောင်းချီးပေးပါစေ။

    ReplyDelete

Post a Comment

Popular posts from this blog