အိမ်လွမ်းနာ(၃)

ဒီနေ့ ရိက္ခာထုပ်လေးထဲ ကြက်ဘာလချောင်ကြော်ဘူးလေးပါလာတော့ သတိရစရာတွေနဲ့ အတွေးထဲမှာ ပြည့်နှက်သွားတယ်။ ကြက်ဘာလချောင်ကြော်ဆိုတာက ထူးခြားပြီး ရှားပါးတဲ့ အစားအစာတော့ မဟုတ်ပေမဲ့ အမှတ်တရရှိချင်စရာတွေတော့အများသားပါပဲလား...။ 

ငယ်ငယ်တုန်းကတော့အမေဟာ အနီးအနားကရွာတစ်ရွာမှာ တာ၀န်ကျတဲ့ မူလတန်းပြ ဆရာမတစ်ယောက်မို့လို့ အိမ်ကို တစ်ပတ်တစ်ခါလောက်ပဲ ပြန်လာနိုင်တယ်။ အဖေကလည်း အစိုးရ၀န်ထမ်းဖြစ်ပြန်တော့ ရုံးပိတ်၊ ကျောင်းပိတ်ရက်မှသာ အိမ်မှာ မိသားစုတွေစုံစုံလင်လင်နဲ့ ဆုံကြရများတယ်။

အမေတာ၀န်ကျတဲ့ရွာက ချောင်းမြောင်းပေါတဲ့နေရာဖြစ်လို့ ငါး၊ပုဇွန်လို ပင်လယ်စာလေးတွေ ပေါပေါများများနဲ့ လတ်လတ်ဆက်ဆက်ရတယ်။ အမေကျောင်းပိတ်လို့ မြို့ကအိမ်ကို ပြန်လာပြီဆိုရင် တစ်ပတ်စာဟင်းစားအတွက် ငါး၊ပုဇွန်တွေကို ကြော်သင့်တာကြော်၊ ခပ်ခြောက်ခြောက်လေးချက်သင့်တာချက်ပြီး သယ်လာတတ်သလို ပုဇွန်ခြောက်၊ ငါးခြောက်တွေလည်း ဝယ်လာတက်တယ်။

အဲ့ဒီအချိန်တုန်းကတော့ ပုဇွန်ခြောက်ကို ငရုတ်သီးခွဲကြမ်း၊ ကြက်သွန်ဖြူကြော်တွေနဲ့ရောပြီး ကြွပ်နေအောင်ကြော်ထားတဲ့ ပုဇွန်ခြောက် ဘာလချောင်ကြော်ဆိုတာ အိမ်မှာအမြဲတမ်း အဆောင်ယတြာလို့ ပြောရင်လည်း မမှားဘူး။ ဘာစားရမလဲဆိုတာ စဉ်းစားရခက်နေတဲ့ အချိန်မျိုးမှာ စားဖြစ်တတ်တဲ့ ဟင်းတစ်ခွက်ဆိုလည်း မမှားဘူး။ 

အမေက ငါးငံပြာရည်/ ပုဇွန်ငံပြာရည်ထည့်ပြီး အငံအရသာခပ်လေးလေးနဲ့ ဆီအိအိလေးကြော်မယ်ဆို ငံပြာရည်ကြော်ပေါ့။ ငါး/ပုဇွန်ငံပြာရည်မပါဘဲ ဆားနဲ့အချိုမှုန့်ပါလေဟန်ထည့်ပြီး အစပ်ပေါ့ပေါ့၊ အငံပေါ့ပေါ့နဲ့ ကြွပ်နေအောင်ကြော်လိုက်မယ်ဆို  ပုဇွန်ခြောက်ဘာလချောင်ဆိုပြီး အမည်တွင်ပြန်ရော။ ကျွန်တော်ကတော့ ပင်လယ်သားပေမဲ့ ငါးပိ၊ငံပြာရည် သိပ်မကြိုက်တဲ့သူမို့ ဘာလချောင်ကြော်ကိုပဲ အစားများလေ့ရှိပါတယ်။ 

တစ်ခါတလေလည်း ၀က်သားနဲ့ဘာလချောင်ကြော်ပေးလေ့ရှိပေမဲ့ အခုခေတ်လို မွေးမြုရေး CP ကြက်တွေမရှိသေးတဲ့ အချိန်မို့ ကြက်ဘာလချောင်ကြော်ကတော့ မစားခဲ့ရသလောက်ပါပဲ။  အိမ်ကြက်တွေက အသားနည်းပြီး အကြောနည်းနည်းမာတာမို့ ဘာလချောင်ကြော်ရင် အဆင်မပြေဘူးကိုး။

ရွာကျောင်းကနေ မိသားစုနေထိုင်ရာ မြို့ကကျောင်းကို အမေပြန်ပြောင်းလာပြန်တော့လည်း မူလတန်းပြကနေ ရာထူးတက်ပြီး အလယ်တန်းပြဆရာမဖြစ်သွားတာရယ်၊ ကျောင်းသားတွေအတွက် စာကျက်ဝိုင်းလေးတွေ လုပ်ပေးပြန်တာရယ်ကြောင့် အလုပ်ကမအားတာမို့ ထုံးစံအတိုင်းအားတဲ့ရက်မှာ များများကြော်ထားတဲ့ ဘာလချောင်ကြော်က အိမ်ကထမင်း၀ိုင်းမှာ ဘူးလျော့ချင်လျော့သွားမယ် ကုန်သွားတယ်ဆိုတာမျိုး လုံးဝမရှိစေရ။ ရွာမှာက မူလတန်းကျောင်းပဲရှိလို့  မြို့ကို အလယ်တန်း၊ အထက်တန်းလာတက်ကြတဲ့ ရွာက အမေ့တပည့်ဟောင်းတွေကလည်း ရွာပြန်လက်ဆောင်ဆိုပြီး ယူလာလာပေးတဲ့ ပုဇွန်ခြောက်၊ ငါးခြောက်တွေဆိုတာလည်း အိမ်မှာမပြတ်သလောက်ပဲမို့ ဘာလချောင်ပဲကြော်ကြော်၊ ငံပြာရည်ကြော်ပဲကြော်ကြော်၊ ငါးခြောက်ထောင်းကြော် မွမွလေးပဲကြော်ကြော် ကုန်ကြမ်းရော ကုန်ချောရော ပြတ်တယ်လို့ကို မရှိဘူး။ 

နောက်ပိုင်း ကိုယ်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့အချိန် CP ကြက်လို မွေးမြူရေးကြက်တွေ အစားများလာကြတဲ့အချိန် ပုဇွန်ခြောက် ဘာလချောင်ကြော်နေရာမှာ ကြက်ဘာလချောင်ကြော်က နေရာ၀င်ယူလာပါရော။ ၀က်သားနဲ့စာရင် ကြက်ဘာလချောင်က ပိုတွက်ခြေကိုက်ပြီး လုပ်ရတာလည်း ပိုမြန်တာကိုး။ ကြက်ရင်ပုံသားတွေ ဝယ်လာပြီး အသားသပ်သပ်ယူလိုက်ပြီး ဘာလချောင်ကြော်ဖို့ပြင်၊ ကျန်တဲ့အရိုးလေးပြုတ်ထား။

ပြီးရင် အရိုးပြုတ်ထဲ အာလူး၊ ဒန့်ဒလွန်သီး၊ ရုံးပတီသီး၊ ဘူးသီး၊ ခရမ်းသီးလို အသီးတွေကို သူကျက်ဖို့ကြာချိန်အလိုက်ထည့်ပြုတ်၊ ကြက်သွန်နီနဲ့ ငရုတ်သီးခွဲကြမ်း ရောထောင်းထားတာကို ဆီသတ်ပြီးလောင်းထည့်၊ မန်ကျည်းမှည့်ရည်လေးထည့်၊ ပျဥ်းတော်သိမ်ရွက်လေးအုပ်လိုက်ရင် အရသာချိုချိုလေးဖြစ်နေတဲ့ ကြက်ရိုးသီးစုံချဥ်ဟင်းတစ်ခွက်ရပါပြီ။

ကြက်ရင်ပုံသားတွေကို အနေတော်ထောင်းလို့ အဆင်ပြေမယ့်အရွယ်လှီးထားတာကို ရေခန်းပြုတ်၊ ပြီးရင်အအေးခံပြီး သေချာထောင်း၊ ထောင်းတဲ့နေရာမှာ သိပ်မမွဘဲကျန်ခဲ့တဲ့အသားတွေကို လက်နဲ့သေချာပြန်မျှင်ပြီး ဖွထားပေး။ ဒါမှကြော်တဲ့အခါ အကုန်အကျက်ညီညီနဲ့ မွနေမှာကိုး။ အဲ့ဒီနောက် ငရုတ်သီးခွဲကြမ်း၊ ကြက်သွန်နီနည်းနည်းနဲ့ ကြက်သွန်ဖြူရောထောင်းထားတာကို နနွင်းမှုန့်သင့်ရုံထည့်ပြီး မီးနည်းနည်းနဲ့ ရေကုန်ပြီးကြွပ်တဲ့အထိ ကြော်ပြီးဆယ်ထား၊ ဆီကိုကျက်အောင်ပြန်တည်ပြီးမှ ခုနကသေချာထောင်းပြီး ဖွထားတဲ့ကြက်သားတွေထည့်ပြီး ကြွပ်ကြွပ်မွမွလေး ဖြစ်တဲ့အထိကြော်။ ဆားနဲ့အသားမှုန့်လေးထည့်မွှေ၊ ကြက်သွန်ဖြူ၊ နီနဲ့ငရုတ်သီးခွဲကြမ်းကြော်ထားတာလေး ထည့်မွှေပေးလိုက်ရင် တစ်လလောက်အေးဆေးအထားခံတဲ့ ကြက်ဘာလချောင်ကြော် မွမွလေးရပြီပေါ့။ ကြက်ရိုးသီးစုံချဥ်ဟင်း ပူပူလောင်‌လောင်လေးနဲ့ တွဲစားလိုက်ရရင်တော့ ရှယ်ပဲပေါ့။

တက္ကသိုလ်ကျောင်းသားဖြစ်လာတော့လည်း ကျောင်းသွားပြီဆို အမေကြော်ထည့်ပေးလိုက်တဲ့ ကြက်ဘာလချောင်ကြော်ဘူးလေးအမြဲလိုပါတယ်။ ကုန်ခါနီးလောက်ပြီထင်ရင်လည်း လူကြုံရှိတာနဲ့ အမေကထပ်ပြီး ကြော်ထည့်ပေးလိုက်ပြန်တာပါပဲ။ သူငယ်ချင်းတွေကလည်း အမေ့လက်ရာကြိုက်ကြလို့ ရောက်တာနဲ့ကုန်ပေမဲ့ အမေ့ကိုတော့ ကုန်ပြီမို့ ပို့ပေးပါဦးဆိုပြီး မမှာဖြစ်ခဲ့ပါဘူး။ အစိုးရ၀န်ထမ်းနှစ်ယောက်ရဲ့ လစာဟာ ကျွန်တော့်ရဲ့ တက္ကသိုလ်ကျောင်းသား စားရိတ်၊ အငယ်တွေရဲ့ ကျောင်းစားရိတ်နဲ့ အလျင်မီဖို့ မလွယ်ဘူးဆိုတာ သိနေလို့ပါ။

တက္ကသိုလ်တက်တဲ့အခါမှာလည်း အတိုင်းအတာနဲ့သုံးတာတောင်မှ မလောက်ချင်တဲ့ အသုံးစားရိတ်ပဲရတာမို့ ဘာလချောင်ကြော်လေးက အားထားစားခဲ့ရတဲ့ ဟင်းလေးအဖြစ်နေရာယူနေမြဲဖြစ်သလို ၀န်ထမ်းဘ၀ရောက်လို့ တခြားမြို့မှာ တာ၀န်ကျပြန်တော့လည်း အမေ့ဆီက ကြက်ဘာလချောင်ကြော်ဘူးလေးတွေက ပို့လာနေတုန်းပါပဲ။ အဲ့ဒီအချိန်မှာတော့ ကိုယ်တိုင်လည်း သုံးနိုင်ပြီဖြစ်တဲ့အပြင် လစာထဲကနေဖဲ့ပြီး အိမ်ကိုစားရိတ်ပြန်ထောက်နိုင်နေတဲ့ အချိန်လေးရောက်နေပါပြီ။ တာ၀န်ကျတဲ့မြို့ကနေ ရာထူးတိုးနဲ့ မိသားစုရှိရာ အမေ့အိမ်ပြန်ရောက်တော့ တွေးမိပါရဲ့။ ဒီတစ်ခါတော့ ဘာလချောင်ကြော်လို ကြာကြာအထားခံအောင်ကြော်ထားတဲ့ ဟင်းအခြောက်အစား ငါတော့ ဆီပြန်ဟင်းစိုစိုတွေစားရပြီထင်တာပေါ့လေ။ 

အမေတို့နှစ်ဘက်မိဘတွေကလည်း သဘောတူ၊လူငယ်ချင်းကလည်း ကျောင်းကတည်းက ငယ်ကျွမ်းဆွေဖြစ်တဲ့ ကျွန်တော့်ရဲ့ တစ်ယောက်သောသူနဲ့လည်းနီး၊ လက်ထပ်ဖို့ပါ စီစဉ်နေကြပြီမို့ နှစ်ဘက်မိဘအိမ်၀င်ကြထွက်ကြနဲ့ တစ်ယောက်သောသူ အိမ်လည်လာတော့ အမေကပြောတယ်။ “သမီးရေ ကျန်တာတွေထက် သားကြိုက်တဲ့ ကြက်ဘာလချောင်ကြော်တာလေးတော့ အမေသင်ပေးထားချင်တယ်ကွယ်” တဲ့လေ။ အမေ့စိတ်ထဲမကောင်းမှာစိုးလို့ “အမေရေ မရှိလို့သာ ဟင်းအဖြစ်အားထားစားခဲ့ရပေမဲ့ အကြိုက်ဆုံးတော့ မဟုတ်ပါဘူးဗျာ” လို့ ပြောချင်မိတဲ့ စကားကို ရင်ထဲပဲပြန်မျိုချလိုက်ပါတယ်လေ။ 
    
ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ကြမယ်ဆို တစ်လလောက်ကြိုတင် ရက်သတ်မှတ်ပြီး အပျော်ကြီးပျော်နေကြတဲ့ကာလပေါ့။ မထင်မှတ်ဘဲ အဲ့ဒီရက်မရောက်ခင် လ၀က်လောက်အလို ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ မင်းအောင်လှိုင်ဆိုတဲ့ အာဏာရူးက တိုင်းပြည်အာဏာကို အတွေးအတောအဆင်ခြင်မရှိ ကောက်သိမ်းပါရောဗျ။

ပြည်သူတွေက လက်ခံလားဆိုတော့လည်း လက်ခံကြတာမဟုတ်၊ သူ့မှာ တိုင်းပြည်ကိုအုပ်ချုပ်နိုင်လောက်တဲ့အရည်အချင်းက တစ်စက်မှမရှိတာ။ ထမင်းစားနေတဲ့သူတိုင်း ဘယ်သူကမှ လက်မခံဘူးလေဗျာ။ ကျွန်တော်လည်း အနှစ်နှစ်အလလ မိဘတွေရဲ့သွေးချွေးတွေနဲ့ ရှာဖွေထောက်ပံ့ခဲ့သလို ကိုယ်တိုင်အပင်ပန်းအဆင်းရဲခံပြီး အချိန်နဲ့လုပ်အား ပေးဆပ်ပြီးမှရထားတဲ့ ရာထူးနေရာလေးကိုလည်း ရင်နာနာနဲ့ပဲ စွန့်လွှတ်ပြီး CDM လုပ်ခဲ့ရင်း၊ တစ်ယောက်သောသူနဲ့အတူ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေ မားမားမတ်မတ်ပါဝင်ရင်း မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေ ဖမ်းဖို့လုပ်နေပြီဆိုတဲ့ သတင်းရတဲ့အခါ ကျွန်တော်လည်း ရှောင်ရတိမ်းရတော့တာပေါ့။  အခုတော့ နယ်စပ်မြို့လေးတစ်မြို့မှာ ရရာအလုပ်နဲ့ ဝမ်းရေးကို ဖြေရှင်းရင်း CDM ၀န်ထမ်းတစ်ယောက်အနေနဲ့  လိပ်ပြာသန့်သန့် ရပ်တည်နေဆဲပေါ့ဗျာ။

အမေက တစ်ခါတစ်ရံမှာတော့ ကျွန်တာ့်ဆီ စားစရာနဲ့အသုံးအဆောင်လေးတွေ ရရာနည်းလမ်းနဲ့ ပို့ပေးနေတုန်းပါပဲ။ ပို့လိုက်တိုင်းမှာလည်း မပါမဖြစ်ကတော့ ကြက်ဘာလချောင်ကြော်၊ ပုစွန်ခြောက်ဘာလချောင်ကြော်ကတော့ မပါမဖြစ်ပေါ့။ တစ်ခုတော့ရှိတယ် ကြက်ဘာလချောင်ကြော်က အမေ့မေတ္တာကြောင့် အရင်အတိုင်း စားလို့ကောင်းနေဆဲဆိုပေမယ့် ပုစွန်ခြောက်ဘာလချောင်ကြော်ကတော့ အမေ့မေတ္တာအပြင် စေတနာတချို့ ကင်းမဲ့နေတယ်။  ဘာကြောင့်လဲဆိုတော့ အမေ့တပည့်ဟောင်းလေးတွေ မေတ္တာနဲ့ ပို့ပေးလိုက်တဲ့ ပုစွန်ခြောက်၊ ငါးခြောက်တွေနဲ့ကြော်ထားတဲ့ နွေးထွေးတဲ့ အရသာမျိုးမှ မဟုတ်တော့တာ။ 

အမေ့တပည့်တွေလည်း လူပီသစွာပဲ CDM လုပ်တဲ့သူကလုပ်။ အာဏာရှင်ကို တော်လှန်ဖို့ PDF ထဲဝင်တဲ့သူကဝင်၊ သူတို့ရဲ့ မွေးရပ်မြေဆိုတာလည်း စစ်တပ်က မီးရှို့လို့ မီးကျွမ်းနေတဲ့ အိမ်တိုင် ငုတ်တို၊ ပြာတလွင့်လွင့်ပဲ ကျန်တော့တာကိုး။ 

ဒီတော်လှန်ရေးကြီးပြီးရင်တော့ သူနဲ့ကျွန်တော် မင်္ဂလာပွဲပြန်လုပ်မယ်ဗျာ။ မင်္ဂလာဆောင်မှာ ထမင်းကျွေးမယ်ဗျာ။ မပါမဖြစ်အနေနဲ့ကတော့ ကြက်ဘာလချောင်ကြော်၊ သူနဲ့လိုက်တဲ့ သီးစုံချဥ်ဟင်း ထည့်မယ်ဗျာ။ကျွန်တော်နဲ့ ဒီလောက်တောင်ရေစက်ပါတဲ့ ဟင်းကို မင်္ဂလာဆောင်လာတဲ့ ဧည့်သည်တွေကို တဝကျွေးပြီးရင် ကျွန်တော်ကတော့ မေ့နိုင်သလောက်မေ့ထားပြီး မစားပဲကို နေနိုင်သလောက်နေကြည့်ဖို့ စိတ်ကူးထားတယ်။

အခုအတွေးထဲမှာတော့ တော်လှန်ရေးကြီးကို မြန်မြန်ပြီးချင်ပြီ။ တစ်ယောက်သောသူနဲ့လည်း မြန်မြန်နီးချင်သလို ကြက်ဘာလချောင်ကြော်နဲ့ ပြီးရတဲ့ ထမင်းတစ်နပ်တွေကို ဝေးချင်နေပြီဗျ။

လုပ်စရာတစ်ခုတော့ ကျန်သေးတယ်။ တော်လှန်ရေးကြီး ပြီးသွားလို့ အိမ်လည်း ပြန်ရောက်ပြီ။ အမေလည်း အရင်ကလို ဘာလချောင်ကြော်ကို ဘူးနဲ့မပြတ်ထည့်ထားပေးတဲ့ အချိန်တွေပြန်ရောက်ပြီဆိုရင်တော့ အမေ့တပည့်တွေကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကား ကိုယ်တိုင်ကိုယ်ကျ မှတ်မှတ်ရရကို ပြောဖြစ်ဦးမှာပါ။ 


Linn Khant Maw

Comments

  1. တလရကြီးအမြန်ပြီးလို့ ချစ်ရသူနဲ့အမြန်ဆုံးမင်္ဂလာပွဲဆင်နွှဲနိုင်ပါစေ🙏မင်္ဂလာပွဲမှာကျွေးမယ့် အမေ့လက်ရာ ဘာလချောင်ကျော်နဲ့သီးစုံချဉ်ရည်ဟင်းလည်းစားချင်ပါတယ် ။ခုတော့ အားလုံးလုံခြုံကျန်းမာလို့ဘေးဘယာကင်းဝေးကြပါစေလို့ ဆန္ဒပြုပါတယ် 💕

    ReplyDelete
  2. စာဖတ်ပြီး ဘာကိုလွမ်းလို့လွမ်းမှန်းမသိ
    Fighting nw🤜🤛

    ReplyDelete
  3. တလရကြီး ပြီးတဲ့ချိန်
    ကျန်းမာဘေးကင်းစွာနဲ့
    ရွှေလက်တွဲနိုင်ပါစေ
    🙏🙏🙏

    ReplyDelete
  4. တလရပီးရင်ပေါ့နော်🥺

    ReplyDelete
    Replies
    1. ပြန်ရမှာပေါ့ အားတင်းထားနော်February 19, 2023 at 7:21 AM

      ဖိုက်တိုး 😺

      Delete
    2. အလွမ်းတေသာတိုတိုးးနေကျနော်တို့အိမ်ပြန်ချိန်က ဝေးလို့နေ😢

      Delete
    3. လင်းဆက်April 12, 2023 at 5:12 AM

      ဖိုက်တိုးမီးပေါက်
      ဘယ်အရာမှအကြာကြီးမဖြစ်ဘူးအဲလိုတွေးပြီးစိတ်ချမ်းသာအောင်နေ

      Delete
  5. ​တော်လှန်​ရေးအမြန်​အောင်ပြီး
    ချစ်ရတဲ့သူ​တွေနဲ့ အမြန်ဆုံးပြန်ဆုံပါ​စေ

    ကြက်ဘာလ​ချောင်​ကြော် နဲ့ သီးစုံချဥ်ဟင်း​လေးလည်း စားချင်လာမိ

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  6. စိတ်ကူးရည်ရွယ်ထားတာတွေ အမြန်ဆုံးအောင်မြင်ပါစေနော်
    Great respect to you & your beloved ones.

    ReplyDelete
  7. အားလုံးပဲ လိုရာဆန္ဒတွေအမြန်ပြည့်ဝကြပါစေ။

    ReplyDelete
  8. ဘေးကင်းကြပါစေ
    ချစ်တဲ့သူတွေနှင့် အမြန်ဆုံး ဆုံဆည်းနိုင်ကြပါစေ....

    ReplyDelete
  9. အိမ်လွမ်းနာဖတ်ရတာ သဘောကျတယ်။ အရသာရှိတဲ့ စားစရာတွေလည်း မြင်ရ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းလေးလည်း ဖတ်ရတယ်။

    ReplyDelete

  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  11. သူတို့လဲ လွမ်း​ရော့မယ်
    ငါလဲ အိမ်လွမ်းတယ် 😪

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. လိုအင်ဆန္ဒတွေပြည့်ဝပါစေ🙏🏻❤️

    ReplyDelete
  14. 🥰🥰🥰🥰

    ReplyDelete

Post a Comment

Popular posts from this blog