
အိမ်လွမ်းနာ - ၅ “ကမ္ဘာကြီးမှာ တိုးပွားလာမယ့် လူဦးရေအရ နောင်တစ်ချိန်မှာ အင်းဆက်တွေဟာ ရိက္ခာအတွက် အထောက်အကူပြုပေးနိုင်တဲ့ အာဟာရပြည့် အစားအစာတစ်မျိုး ဖြစ်လာနိုင်ပါတယ်”တဲ့။ ဒီအကြောင်းအရာပါတဲ့ စာကိုဖတ်ပြီး အညာရောက် ရှမ်းလေးက ပြောလာတယ်။ ငါတို့ဆီမှာဆို ပုရွက်ဆိတ်အကောင်ကြီး တစ်မျိုးရဲ့ ဥကို မက်မန်းဥလိုခေါ်ကြတယ်။ အဲ့ဒီဥတွေ ရှိတဲ့ ရာသီရောက်ပြီဆို စျေးတွေမှာရောင်းကြတယ်။ သုတ်ပဲစားစား၊ ကြက်ဥနဲ့ကြော်စားစား။ ဟင်းချိုထဲပဲထည့်သောက်သောက် အမျိုးစုံလုပ်စားကြတယ်။ အင်းဆက်ထဲပါတဲ့ ခါချဥ်ကိုတော့ အကောင်ရော ဥပါ စားကြတယ်။ သူအကြိုက်ဆုံးကတော့ သဲပိုးကောင်လိုခေါ်တဲ့ အကောင်လေးတွေပါတဲ့။ သူတို့က ရှမ်းပြည်မှာဆို သဲမြေတွေမှာ အနေများပြီး တူးရတာလည်း အရမ်းမခက်ပါဘူးတဲ့။ ပုစဥ်းရင်ကွဲနဲ့ပုရစ်ထက် ပိုနူးညံ့ပြီး တော်တော့်ကို စားလိုကောင်းပါတယ်တဲ့။ ဆောင်းကုန်ပြီဆို သဲပိုးတွေကို စရှာကြပြီ။ ရွှေစင်လိုခေါ်တဲ့ အဆင့်မှာ သဲပိုးဟာအနေကြာပြီး စားလို့လည်း အကောင်းဆုံးပါပဲတဲ့။ သူငယ်ချင်းတွေနဲ့ သဲပိုးအရှာထွက်ကြ၊ အိမ်ပြန်ရောက်ရင် သဲစင်အောင်သေချာဆေးပြီး ကြော်စားကြနဲ့ သူတို့ရပ်ရွာမှာတော့ ဒေသစာ၊ရာသီစာတစ်မျိုးပါပဲတဲ့။ သူငယ်ချင်းတစ်စု သဲပိုးအရှာထွက်...