
အိမ်လွမ်းနာ (၂) သမုန်းဖူးသုတ် အခုတလော ကျွန်တော်တို့ အညာဘက်ကလူတွေအပြောများနေတဲ့ စကားလေးတစ်ခုကို အတွေ့များနေတယ်။ “အညာမှာနေပြီး အညာကိုပြန်လွမ်းနေရတယ်” တဲ့လေ။ ဒီစကားစုရဲ့ ဆိုလိုရင်းကို သေသေချာချာတွေးရင် ရင်နာဖို့အရမ်းကောင်းတာ။ တိုက်ပွဲတစ်ခုဖြစ်ပြီဆို မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေက တိုက်ပွဲအနီးအနားမှာရှိတဲ့ ရွာတွေကို မီးတင်ရှို့တယ်။ တွေ့သမျှ လူရော၊တိရိစ္ဆာန်ပါမကျန် မည်းမည်းမြင်ရာပစ်တယ်။ စိတ်ပေါ့သွပ်နေတဲ့ သူတွေပါမကျန်သတ်ဖြတ်တယ်။ ရွာလုံးကျွတ် မီးရှို့ခံကြရတဲ့အချိန်မှာ မပြေးနိုင်လို့ကျန်ခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါဝေဒနာခံစားနေရတဲ့သူတွေလည်း မီးရှို့တဲ့အထဲမှာပါပြီး ပူလောင်နာကျင်မှုများစွာနဲ့ သေဆုံးခဲ့တာဟာ အရေအတွက်မနည်းတော့ပါဘူး။ တော်လှန်ရေးအရှိန်ကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ဒေသတွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်တော်တို့အညာကရွာများစွာဟာလည်း မင်းအောင်လှိုင်လက်ပါးစေတွေရဲ့ လူမဆန်မှုတွေကြောင့် မီးလောင်ပြင်ဖြစ်ခဲ့ရတာပါ။ အခုဆိုရင် မီးရှို့ခံရတဲ့အိမ်ခြေတွေဟာ သောင်းဂဏန်းကိုချီလို့နေပါပြီ။ စစ်တပ်၀င်လာလို့ရရာဆွဲပြီးပြေးကြတယ်။ နောက်ရက်စစ်တပ်သွားပြီသတင်းရလို့ ရွာပြန်ကြည့်ရင် မီးလောင်ပြင်ဖြစ်နေတဲ...